တံတားမြို့ အ‌‌ခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

တံတား ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်‌စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က လူကုန်ကူးမှုပြသနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်တွေကို ငွေကြေးနှင့်သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းတွေ လိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသူတွေကို အခြားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်စေခြင်း စသောလူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုတာ တကယ်တော့လူ့အသိုက်အဝန်းကို ဆုတ်ယုတ်ပျက်‌စီးစေကြောင်း၊ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကိုတိုက်ဖျက်ဖို့ရာ လူတစ်ဦးချင်းက‌ရော‌၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကရော၊ ကမ္ဘာ့နိုင်ငံအားလုံးကပါ ယခုထက်ပိုပြီး ပါဝင်‌ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)