နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆောင်ရွက်

ဇေယျာသီရိ ဩဂုတ် ၂

နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုးက မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ကူးစက်ရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ခြင်နှင့် ယင်ကောင်များကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအကြောင်းကို ရှင်းလင်း ဟောပြောခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်က ပိုးလောက်လန်းသေ(အဘိတ်) ဆေးခပ်ခြင်းအကြောင်းနှင့် အခြားကူးစက်ရောဂါများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျည်တောင်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက ကျည်တောင်ကျေးရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်ပြီး ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အများဆုံးကာလဖြစ်သည့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ် သဖြင့် ရေလှောင်ကန် များထဲသို့ (အဘိတ်) ဆေးများအား သွားရောက်ခတ်ပေးခြင်းနှင့် ဘုရားစင်ပေါ်ရှိ ညောင်ရေအိုးများ၊ ပန်းအိုးများတွင်လည်း ပိုးလောက်လန်းများ မကျရောက်စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း (‌ဇေယျာမြေ)