အမရပူရ သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၉နာရီခွဲအချိန်က အမရပူရမြို့၊ အိုတော်ရပ်ကွက်ရှိအိုးတော် အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်လဝကမှူး ဒေါ်သင်းသင်းကြူ ဦးဆောင်သောအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး အိုးတော်အခြေခံပညာအလယ်တန်းကျောင်းသို့ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အကျုံးဝင်သော ကျောင်းသား၇၆ဦး ကျောင်းသူ၉၂ဦး စုစုပေါင်း(၁၆၈)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ် မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)