သုံးခွ ဩဂုတ် ၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇူလိုင်လ ၂၈ ရက် နံနက် ၉ နာရီအချိန်က ဖရုံကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန် လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား လိုအပ်သော သက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)