ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဩဂုတ် ၂

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား လူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ စာဖိတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နှစ်ကြိမ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် အခြေအနေများကြောင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နိုင်ငံတဝှမ်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ကန့်သတ်မှုများရှိနေသည့်အတွက် ဆောင်ရွက်ရသည့် နေရာများတွင် ဦးစားပေးဆောင်ရွက်သွားရန်နှင့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖိတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဘဏ္ဍာငွေများ ချထားပေးပြီးဖြစ်သည့်အတွက် လိုအပ်သည့်နေရာများတွင် ထိထိရောက်ရောက် အသုံးချသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပွဲတော်အား စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များရှိပါကလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော် ကျင်းပမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်များအား စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြသည်။

အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဦးစီးကော်မတီနာယက၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)