ပြင်ဉီးလွင် ဩဂုတ် ၂
ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားကုန်ကျမှုပြဿာနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်း၊ စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ -၂၀၂၅ ခုနှစ်၊ အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၀၁)ရှိ ဒေသခံတောင်သူ ဒေါ်နုနု၏ လယ်မြေ (၂.၀၀) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်
အဆိုပါ အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက် အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင် ညီညာရန် လိုအပ်ခြင်း၊ ပျိုးခင်းအတွက် နေရာအနည်းငယ်သာ လိုအပ်ခြင်း၊ မျိုးစေ့ နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့် ကောက်ပင်အတိမ်အနက် လိုအပ်သလိုချိန်ညှိ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ပင်လှန် မြန်ခြင်းနှင့် ပင်ပွားများများ ရရှိခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာသည်တို့တွင် အချိန်အခါမီစိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာအချက် အလက်များကို တာဝန်ရှိသူတစ်ဦးမှ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ၂၀၂၄-၂၀၂၅ ခုနှစ်၊ အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူ (၁၀၀) ဦးတို့က စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)