ပေါင် ဩဂုတ် ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက် (၁၁)နာရီက (အမက) ကဒုံစီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ထိုအသိပညာပေးဟောပြောပွဲတွင် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ လူကုန်ကူးမှုခံရနိုင်သည့် အန္တရာယ်များကို သိရှိစေရန်လည်းကောင်း၊ ဗဟုသုတတိုးပွားစေရေးအတွက် စာပေဖတ်ရှူသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးကိုလည်းကောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့်ကလေးစာပေများကို ဖတ်ရှူစေခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုခံရနိုင်သည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)