ပြင်ဦးလွင် ဩဂုတ် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၏ လမ်းညွှန်ချက်ဖြင့် ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက သင်တန်းသား/သူ၂၀ ဦးဖြင့် ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာမှရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်သည်။
အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစိုင်းအောင်ကြည်မှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်ကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအားရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ ဆပ်ပြာခဲ့အမျိုးမျိုး ပြုလုပ်နည်းတို့အားစာတွေ့(၃၀)% လက်တွေ့(၇၀)% ဖြင့် (၁.၈.၂၀၂၄)ရက်နေ့မှ (၅.၈.၂၀၂၄)အထိ သင်တန်းကာလ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်