နေပြည်တော် ဩဂုတ် ၂
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လက်သိုင်းအဖွဲ့လိုက်ပြိုင်ပွဲ၊ ဓားတစ်လက်တစ်ဦးချင်းပြိုင်ပွဲနှင့် ဓားနှစ်လက်တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဓားတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အားကစားသမား၊ ဓားနှစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်အားကစားသမားကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လက်သိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် လယ်ဝေးမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းတိုမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး တံခွန်စိုက်ဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများအား အားကစားသမားများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဒိုင်များ၊ နည်းပြများ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)