တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်

တာချီလိတ် ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်ကျော်လွန်ကာ ယမန်နေ့ညမှစ၍ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အချို့တွင် ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပွားသည့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်များသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ ခေတ္တစစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေးအဖွဲ့များခွဲ၍ နယ်မြေအလိုက် တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးပြီး ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းပေးခြင်း၊ နေအိမ်အတွင်း ပိတ်မိနေသူများအား ကူညီကယ်ထုတ်ပေးခြင်းနှင့် နေစရာအခက်အခဲရှိသူများအား အောင်မြတ်ခန်းမတွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)