မိုင်းယု ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် နမ့်လွေချောင်း ရေကြီး၍ ယမန်နေ့ နေ့လည်ပိုင်းအချိန်ကစ၍ ချောင်းဘေးနေထိုင်ကြသည့် လူနေအိမ်အချို့၌ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်လွေချောင်း ရေကြီး၍ မိုင်းယုမြို့၏ စိုးရိမ်ရေအမှတ်(၁၀)ပေ အောက် (၄) ပေခန့် ရောက်ရှိနေသဖြင့် မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့များ၊ အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်မှတပ်ခွဲမှူးနှင့် တပ်ဖွဲ့များ၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များတို့မှ မိုင်းယုမြို့၊ မြို့မရပ်ကွက်အတွင်း ရေဘေးကျရောက်ပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံချက်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစောင့်ကြည့်ခဲ့ကြသည်။
ထို့နောက် နမ့်လွေချောင်းရေသည် ယမန်နေ့ ည ၈ နာရီတွင် လက်ရှိရေအမှတ်မှ ခြောက်ပေခွဲခန့် ရောက်ရှိလာပြီး နမ့်လွေချောင်းနှင့် နီးသော နေအိမ်များအတွင်း ရေဝင်ရောက်လာသည့်အတွက် စရတ(မိုင်းယုရုံး)၊ မိုင်းယုမြို့သစ်တောရုံး၊ မိုင်းယုမြို့ ဆက်သွယ်ရေးရုံး၊ မိုင်းယုမြို့ ဖွံ့ဖြိုးမှုကြီးကြပ်ရေး ဝန်ထမ်းအိမ်ရာ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအပါအဝင် အိမ်ခြေ (၂၀) ခန့် စုစုပေါင်းလူဦးရေ (၁၀၀) ဦးအား ရေဘေးလွတ်ကင်းသည့် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ရွေ့ပြောင်းပေးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေးတို့အပြင် အခြားလိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်လွေချောင်း ရေကြီးရေလျှံမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မိုင်းယု (ပြန်/ဆက်)