ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဇမ္ဗူသီရိ သြဂုတ် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၌ ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်ထိုက်သူက အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဆောင်ရွက်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)မှ တတိယနှစ် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်သက်ပိုင်မှူးက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကျော့ကေခိုင်စိုးက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသော်ဝတီဆုက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဆလိုင်းဆော်လမွန်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ 

အခမ်းအနားအပြီးတွင် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ နံရံကပ်ပြဘုတ်များပြသခြင်းနှင့် သုတရသ စာအုပ်၊ စာစောင်များ ပြသခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းသို့ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၂) ဦးကျော်အောင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ထိုက်သူနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၈၆ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)