ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ရပ်စောက်မြို့ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံ၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရပ်စောက် ဩဂုတ် ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရပ်စောက်မြို့ ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းတောင်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆန်၊ ဆီ ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ရပ်စောက်မြို့ မြို့ဦးရပ်ကွက်ရှိ သာသနာ့ဝေပုလ္လဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံကာ အားပေးစကားပြောကြား၍ လူဦးရေ ၅၀၀ ဦးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သော ဆန် ၃၃ အိတ်၊ ဆီ ၃၃ ပိဿာတို့ကိုလည်းကောင်း၊ ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ထောက်ပံ့သော ဆန် ၂၈ အိတ်၊ ဆီ ၂၈ ပိဿာနှင့် စားသောက်ကုန်တို့ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဈေးတန်းရပ်ကွက်ရှိ ရန်အောင်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်များရှိ တိုက်ပွဲရှောင်ပြည်သူ ၃၅၀ ဦးတို့နှင့်တွေ့ဆုံအားပေး၍ ဆန် ၂၉ အိတ်၊ ဆီ ၃၀ ပိဿာနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဗထူးတပ်နယ်အရာခံနှင့်အကြပ်ကြီးသင်ကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တာဝန်ရှိသူများသည် သံဃာ့ဆေးရုံလားရှိုးဘိုးဘွားရိပ်သာနှင့် သုခကာရီဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဆန်(၃)အိတ်၊ ဆီ(၃)ပိဿာ ဘိုးဘွား(၄၆)ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သော အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း ၄၆ စုံကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဈေးတန်းကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီးနောက် မန္တလေးကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ဆန် ၃၈ အိတ်၊ ဆီ ၃၇ ပိဿာနှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ လိုအပ်ချက်များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၄၉၁)ဦးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန် ၁၀၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ဆန် ၈၂ အိတ်၊ ဆီ ၈၂ ပိဿာ၊ ဆား ၃၃ ပိဿာ၊ ကုလားပဲ ၅၁ ပိဿာ၊ ငါးခြောက် ၂၇ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)