၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

ပင်းတယ ဩဂုတ် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာမှာ လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန်ပညာရေးကို အဓိကဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မိဘ၊ ဆရာ၊ ကျောင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးဖို့လည်း လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများမှ ကျောင်းသား/ကျောင်းသူများ တတ်မြောက်မှုမြင့်မားရေးအတွက် အားကြိုးမာန်တက် သင်ကြားပို့ချပေးခဲ့သလို ကျောင်းသား/ ကျောင်းသူများကလည်း သင်ယူလိုစိတ်ပြင်းပြကာ ကြိုးစားသင်ယူခဲ့ကြတဲ့အတွက် ယခုလိုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြပြီး နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်သော ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ဆက်လက်ကြိုးစား သင်ယူသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရရှိသည့် ကျောင်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဓနုကိုယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၅)ဦး စုစုပေါင်းဂုဏ်ထူးရှင်(၆၁)ဦးရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅၃ ဒသမ ၄၄)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)