ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည်  ဩဂုတ် ၁

မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ်(၂၄)မူလတန်းလွန်ကျောင်းနှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြော ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကလေးအလုပ်သမား အဓိပ္ပာယ်၊ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်တာဝန်(၃)ရပ်၊ ကလေးအလုပ်သမား ခိုင်းစေမှု၏ နောက်ဆက် တွဲ အကျိုးဆက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများကို စာကြည့်တိုက်ခန်းမ၌ အခြေခံပန်းချီရေးဆွဲခြင်း ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ် ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား/သူများသည် ခန်းမအတွင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအားကလေးအလုပ်သမားခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိ ပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ် (၂၄) မူလွန်ကျောင်းမှ ဆရာမများ၊ ကျောင်းသား/သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့