ညောင်ဦး ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီဓမ္မာရုံ၌ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရခြင်းစပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြကေသီက ရုံးချုပ်၊ နေပြည်တော်က မဉ္ဇူ သကနတ်ပန်းမှ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအား စာတွေ့လက်တွေ့ပို့ချပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားသည်။
ဆက်လက်၍ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်း ပညာသင်တန်းတွင် လက်တွေ့အသုံးပြုမည့် ပါဝင်ရမည့်ပစ္စည်းများအား ညောင်ဦးခရိုင်/ မြို့နယ်တာဝန်ရှိသူများနှင့် သင်တန်းသူများအား ရှင်းလင်းပြောကြားကာ သင်တန်းတက်ရောက်မည့် သင်တန်းသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သွားမည်ဖြစ်ရာ စားသောက်ကုန်အဖြစ် မဉ္ဇူသကနတ်ပန်း လက်ဖက်ခြောက်၊ မဉ္ဇူသကနတ်ပန်းဝိုင်၊မဉ္ဇူသက နတ်ပန်း Syrub၊ မဉ္ဇူသကနတ်ပန်းယို၊ လူသုံးကုန်ပစ္စည်းအဖြစ် မဉ္ဇူသကနတ်ပန်းခေါင်း လျှော်ရည်၊ မဉ္ဇူသက နတ်ပန်းရေချိုးဆပ်ပြာ၊ မဉ္ဇူသကနတ်ပန်းမျက်နှာသစ်ဆပ်ပြာခဲ၊ မဉ္ဇူသကနတ်ပန်းဆံသား အားဖြည့်ဆေး၊ မဉ္ဇူသက နတ်ပန်းနတ်ပန်းအဆီတန်ဖိုးမြှင့်ထုတ်ကုန်များ၊ ထုတ်လုပ်ခြင်းတတ်သည်အထိ သင်ကြားပေး သွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ဩဂုတ် ၁ ရက်နေ့မှ ဩဂုတ် ၃ ရက်နေ့အထိ နံနက် ၉ နာရီအချိန်မှ ညနေ ၄နာရီခွဲ အချိန်ထိသင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းသူ (၁၅)ဦးတို့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်ပါက အိတ်ပိတ် စက်တို့အားပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း