ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ(၁၅၀)ဧက ရေပြည့်ဝစွာပေးနိုင်ရေး သွင်းတွဲမြောင်းတွင် တိုက်ရိုက်ရေပေးပြွန်များ ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ(၁၅၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သင်းတွဲမြောင်းတွင် တိုက်ရိုက်ရေပေးပြွန်များ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးခဲ့သည့် ရေပြွန်များသည် ကျောက်ဆည်မြို့နယ် ဗလီကွင်းကျေးရွာအနီးတွင်ရှိပြီး သင်းတွဲမြောင်း၏ဝဲဘက် ပေတိုင်အမှတ် (၃၆+၅၂၀)၊ (၃၆+၇၈၄)၊ (၃၈+၆၇၅)၊ မြောင်း၏ယာဘက်ပေတိုင်အမှတ် (၄၃+၈၇၀)၊ ရေပြွန်များဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃၅.၀၀၀)ကျပ်သန်း အကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ၍ ရေပြွန်များအားလုံး၏ရေပြွန်နဖူးစည်းများတွင် ရေတိုက်စားခြင်းမှကာကွယ်ရန်အတွက် ကျောက်သားနံရံများနှင့် ရေထိန်းတံခါးများတပ်ဆင်ခြင်း၊ သံကူကွန်ကရစ်ရေပြွန်အသစ်များ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေပြွန်အသစ်များ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းကြောင့် သင်းတွဲမြောင်းမှ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးနေသည့် ဗလီကွင်းကျေးရွာနှင့်အခြားကျေးရွာများမှ တောင်သူများ၏ သီးနှံမျိုးစုံစိုက်(၁၅၀)ဧကအတွက် ဆည်ရေများပေးဝေရာ၌ အချိန်နှင့်အညီ စနစ်တကျအပြည့်အဝပေးဝေနိုင်ပြီဖြစ်သောကြောင့် ဒေသခံတောင်သူများ၏ ဆည်ရေသောက်သီးနှံများအားလုံး ရေပြည့်ဝစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)