ကျောက်ဆည် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်ဈေးကောင်းရရှိသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် အထွက်တိုးပွားစေရန်အတွက်ဒေသနှင့်ကိုက်ညီပြီး အပင်ပေါက်နှုန်း (၇၅-၈၅)ရှိသည့် ရေဆင်း(၁၁)နှင့် ရေဆင်း(၁၄)ပဲတီမျိုးများကို တစ်ဧက အပင်အရေအတွက် (၁၃၀၀၀)ပင် ရရှိရေး ပဲမျိုး(၆)ပြည်မှ(၈) ပြည်အထိ အသုံးပြု၍ ပင်ကြား၊ တန်းကြား (၁၂x၄)လက်မခြား၍ စိုက်ပျိုးကြကြောင်းနှင့် မြေပြုပြင်ရာ၌ နွားချေးမြေဩဇာ (၁၀၀-၁၅၀) တင်းနှင့် အထွက်နှုန်းပိုမိုရရှိစေရန် ယူရီးယား(၈)ပြည်၊ တီစူပါ(၂၄)ပြည်၊ ပိုတက်ရှ်(၁၂)ပြည်နှုန်း ထည့်သွင်း စိုက်ပျိုးကြကြောင်း ပဲတီစိမ်းစိုက်တောင်သူ ဦးအောင်စိုးက ပြောပြသည်။
ပိုးမွှားများ ကာကွယ်နှိမ်နင်းရာ၌ ပဲတီစိမ်းသီးနှံများတွင် ကျရောက်တတ်သည့် အဖျက်ပိုးများဖြစ်သော မြေအောက်ပိုးနှင့် ပင်စည်ထိုးယင်များ ကာကွယ်နိုင်ရန်အတွက် မျိုးစေ့များအား အင်မီဒါကလိုဗစ်၊ ဖျူရာဒန် ပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ပြီး အဝါရောင် မိုစေ့ရောဂါသယ်ဆောင်သည့် ယင်ဖြူများ ကာကွယ်ရန်အတွက် အပင်သက်တမ်း (၁၄)ရက်သားမှစ၍ ထိသေ၊ စားသေပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးကြောင်း၊ ပန်းပွင်းနှင့်သီးကင်းများဝင်ချိန်အချိန်အထိ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးပြီး၊ ပန်းပြချိန်တွင် ယူရီယား ထမင်းစား ဇွန်း (၄)ဇွန်း၊ လက်ချားမှုန့်(၁)ဇွန်း ဖျော်၍ တစ်ဧကတွင် ဆေးဖျန်းပုံး(၅)ပုံးမှ(၆)ပုံးအထိ နံနက်ပိုင်းတွင် အရွက်အောက် မျက်နှာပြင်တွင်ဖျန်းပေးပါက အသီးအပွင့်များ ပိုမိုအောင်မြင်ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်