သင်္ဃန်းကျွန်း ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၆) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်-အရှေ့) အမှတ်(၃၈) ယာဉ်ထိန်းတပ်ဖွဲ့စု(သင်္ဃန်းကျွန်း)၏စီစဥ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို သင်္ဃန်းကျွန်းမြိုနယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(သု၀ဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၆) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်-အရှေ့) အမှတ်(၃၈) ယာဉ်ထိန်းတပ်ဖွဲ့စု(သင်္ဃန်းကျွန်း)မှ ဒုရဲမှူးရဲမြင့်က ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးဌာနမှတာ၀န်ရှိသူများ၊ အမှတ်(၃၈) ယာဉ်ထိန်းတပ်ဖွဲ့စု( သင်္ဃန်းကျွန်း )မှ ဒုရဲမှူးရဲမြင့်နှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၄၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သိန်းအောင်(ပြန်/ဆက်)