ပေါင် ဩဂုတ် ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က ပေါင်မြို့နယ်အနေဖြင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်၊ ဆန်စပါးနှင့် ဆီထွက်သီးနှံများကိုလည်း လျာထားချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့လိုအပ်ပါကြောင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် အချိန်မီပြုပြင်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ မိုးသည်းထန်၍ ရေဝင်နေသောစာသင်ကျောင်းများကိုလည်း ရေကျချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီးစိုးပိုင်က ပေါင်မြို့နယ်အနေဖြင့် ယာဉ်မတော်တဆ အဖြစ်များသည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာကြပါရန်နှင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများကို မဖြစ်ပေါ်စေရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ထွန်းက မိမိလုံခြုံရေး၊ ရုံးလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)