မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းအမှတ်စဉ်(၁၁/၂၄)၏ ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ၂နာရီအချိန်က အဆိုပါပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲမကျင်းပမီ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဘာသာရပ်များအလိုက် စည်းကမ်းချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ကျင်းပသည်။ အဆိုပါပြိုင်ပွဲတွင် ပိုက်ဆံအိတ်ပြုလုပ်ခြင်းပြိုင်ပွဲ၊ ငါးထမင်းချက်ပြုတ်နည်းပြိုင်ပွဲ၊ ကျောက်ကျောထိုးပြိုင်ပွဲ၊ Smocking ထိုးနည်းပြိုင်ပွဲ၊ စားပွဲတင်ပန်းအိုး ပန်းအလှထိုးနည်းပြိုင်ပွဲ၊ ပန်းအလှပင်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းပြိုင်ပွဲ၊ စွန့်ပစ်ပစ္စည်းအသုံးပြု၍ တီထွင်ဖန်တီးပန်းချီ‌ရေးဆွဲပြိုင်ပွဲ၊ သင်ရိုးဝင်ကဗျာရွတ်ဆို တီးမှုတ်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာကဗျာလွတ်အကပြိုင်ပွဲ၊ တေးသီချင်းသီဆိုပြိုင်ပွဲနှင့် အိန္ဒိယတင်းပုတ်အားကစားနည်းပြိုင်ပွဲများကို ထည့်သွင်းကျင်းပရာ ဘာသာရပ်ကိုယ်စားပြု သင်တန်းသူ၊ သင်တန်းသား၊ ဆရာ၊ ဆရာမက  ပြိုင်ပွဲဘာသာရပ်များအလိုက် ပါဝင်ယှဉ်ပြိုင်ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက ကြည့်ရှု့စစ်ဆေးအကဲဖြတ်အမှတ်ပေးကြသည်။ အဆိုပါစွမ်းရည်ပြိုင်ပွဲတွင်  ပြိုင်ပွဲဘာသာရပ်များအလိုက် ဆုရရှိကြသူများကို ဩဂုတ်လ ၂ ရက်တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ