အမရပူရ ဩဂုတ် ၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ပထမအကြိမ်) ပို့ချချက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာ ဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မျိုးသန့်က "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြောင်းအရာများ၊ ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ မဲဆန္ဒရှင်တစ်ဦး၏ အခွင့်အရေးများ၊ မဲစာရင်းတွင် အမည်ပါရှိရေး ဆောင်ရွက်ရန်အချက်များ၊ ကြိုတင်မဲပေးနိုင်သူများ၊ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လိုက်နာရမည့်အချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်းနည်းလမ်းများ၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲမပေးဖြစ်သူများ၊ မဲဆန္ဒရှင်တစ်ဦး ဆောင်ရန်အချက်များ၊ မဲဆန္ဒရှင်တစ်ဦး မှတ်သားရန်အချက်များ စသည်တို့ကို ပို့ချဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
စိုးသီဟ(အမရ)