တွံတေး ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သဝန်းတောကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က သာယာဌေးကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် တွံတေးခရိုင်၊ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးက အမှာစကားပြောကြားပြီး တွံတေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဥ်ယဥ်ဌေးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းရရှိသော သဝန်းတောကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရွာအား ငွေကျပ်သိန်း (၃၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းကပေးအပ်ရာ ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းက လက်ခံရယူကြကြောင်း သိရသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းပေးအပ်ပွဲသို့ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)