ကလော ဩဂုတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ယနေ့နံနက် ၆ နာရီက ကလောချောင်းရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေလျှံမှုကြောင့် ကလောမြို့ပေါ်ရှိ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် ချောင်းဘေးတို့တွင် နေထိုင်သည့် ဒေသခံပြည်သူများ၏အိမ်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်လျက်ရှိကြောင်း၊ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ KGတန်းမှ Grade-7 အထိ ကျောင်းများ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့ အမှတ် (၁၀) ရပ်ကွက်၊ ဓမ္မစကြာလမ်းတွင် ဇူလိုင်လ ၃၁ ရက်နေ့၊ ည၇ နာရီက ၁၁ ကေဗွီ ကလော (မြို့တွင်း) ဖီဒါ ဓာတ်အားလိုင်းရှိ (10M) ကွန်ကရိတိုင် (၃) တိုင် ကျိုးပျက်ကျခဲ့ပါသဖြင့် အမှတ် (၈)/ (၉)/ (၁၀) ရပ်ကွက်များအတွင်း ဓာတ်အားပြတ်တောက်လျက်ရှိကြောင်းနှင့် ဓာတ်အားလိုင်းများ ပြန်လည်ရရှိစေရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါကလောချောင်းရေလျှံမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ကလောမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးအတွက် အသင့်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)