မက်မန်းမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်သစ်များဆောက်လုပ်နိုင်ရေး အစည်းအဝေး ကျင်းပ

မက်မန်း ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား အသိပညာဗဟုသုတရရှိစေရေးတို့အတွက် ပညာတတ်လူငယ်များနှင့်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်နှင့်အညီ မက်မန်းမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်သစ်များ ဆောက်လုပ်နိုင်ရေးအစည်းအဝးကို ယမန်နေ့က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျေးရွာစာကြည့်တိုက်သစ်များ ဆောက်လုပ်နိုင်ရေးအတွက် မက်မန်းမြို့နယ်အတွင်း၌ ကွန်ဟောင်းကျေးရွာ၊ အောင်သံလွင်ကျေးရွာနှင့် ရောင်အူ (ဝ) ကျေးရွာများတွင် ရွေးချယ်ခဲ့ရာ ယခုအခါ ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရက လှူဒါန်းရရှိခဲ့သော စာကြည့်တိုက်အလှူငွေ သိန်း(၄၅၀) အား သက်ဆိုင်ရာ စာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီသို့ ပေးပို့ဆောင်ရွက်တော့မည်ဖြစ်သဖြင့် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး) က ဦးဆောင်ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မာစွာ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာ‌ရေးများက အနီးကပ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသင့်ကြောင်း၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတတ်ခြင်းမှာ အဓိကအကျဆုံးမှာ လူငယ်များ စာဖတ်ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်များမရှိမဖြစ်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း၊ စာကြည့်တိုက်သစ်များ ဆောက်လုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆောက်လုပ်ရေးကြီးကြပ်မှုအဖွဲ့များ၊ ကျေးရွာရှိ တာဝန်ရှိသူများနှင့် မြေပြင်တွင် အကောင်းဆုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် စာကြည့်တိုက်များဆောက်လုပ်ကြီးကြပ်ရေး ကော်မတီအနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)