ကွန်ဟိန်းမြို့၌ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း သြဂုတ် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ်၊ မြို့နယ် ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၃ နာရီခန့်က တပ်နယ်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အသက် (၁၆) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ-ထ-က (ကွန်ဟိန်း) ဘောလုံးအသင်းနှင့် အမှတ် (၁) အ-လ-က(ခွဲ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ် (၁) အ-လ-က (ခွဲ) ဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ-ထ-က (ကွန်ဟိန်း) ဘောလုံး အသင်းနှင့် အမှတ် (၁) အ-လ-က (ခွဲ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ-ထ-က (ကွန်ဟိန်း) အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပခဲ့ရာ စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့က အတိုးတက်ဆုံးလူငယ်ကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးဆုရအားကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ဒုတိယဆုရရှိသောအသင်းအား တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေများ၊ ပထမဆုရရှိအသင်းအား တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများနှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)