ညောင်ရွှေ ဩဂုတ် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နည်းလမ်း(၅)မျိုးဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ညောင်ရွှေမြို့နယ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစိုက်ကွင်း၌ ကျင်းပသည်။
မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်သည် စပါးသီးနှံအနေဖြင့် နှစ်စဥ် (၁၂) သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လယ်စပါး (၆) သိန်းကျော်၊ ယာစပါး (၄) သိန်းကျော်နှင့် တောင်ယာစပါး (၂) သိန်းခန့် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး (၁၂) သိန်းကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်ရန် သိရှိရပါကြောင်း၊ ညောင်ရွှေမြို့နယ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းတွင် မိုးစပါးစိုက်ပျိုးမည့် အစီအစဥ်ဖြင့် ကောက်စိုက်စက်ဖြင့် ၁၀ဧက၊ ဘောင်စနစ်ဖြင့် ပျိုးထောင်စိုက် ၄၀ဧက စုစုပေါင်း ၅၀ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး သရုပ်ပြပွဲတွင် မိုးစပါးဧက ၅၀အပေါ် လက်ဆွဲကောက်စိုက်စက်ဖြင့် ၁ဧက၊ 6 Row Transplanter ၁ဧက၊ 10 Row Seeder ၁ဧက စုစုပေါင်း စိုက်နည်းစနစ် ၅မျိုးဖြင့် ၅ ဧက သရုပ်ပြ စိုက်ပျိုးသွားရန် သိရှိရပါကြောင်း၊ သရုပ်ပြမည့် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းဖြင့်မျိုးစေ့ကုန်ကျမှုသက်သာစေမည့်အပြင် လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့်သင့်တော်မည့် စပါးမျိုးများကို ရွေးချယ်ပြီး မျိုးကောင်းမျိုးသန့်များကို အသုံးပြုရန်နှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်မှသာ မိမိတို့စပါးခင်းအောင်မြင်ဖြစ်ထွန်းပြီး ဝင်ငွေတိုးနိုင်မှာဖြစ်ကြောင်း၊ယနေ့သရုပ်ပြစိုက်ပျိုးပြသမည့် စိုက်နည်းစနစ်များကို သေချာလေ့လာပြီး လက်တွေ့အသုံးချရန်နှင့် သိရှိလိုသည်များကို မေးမြန်းကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ စက်ဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သွင်းအားစု ဓာတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေးအပ်ရာ စိုက်ပျိုးတောင်သူအသီးသီးမှ လက်ခံရယူပြီး တောင်သူဦးထွန်းရွှေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်လာသူများမှ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာတွင် မိုးစပါးစိုက်ပျိုးမှုဧက(၁၀၀)ရှိပြီး မိုးစပါးစိုက်ပျိုး လျာထားချက် ဧက(၁၄၀၀၀)ကျော်ခန့်ရှိကြောင်း သိရှိရသည်။
၎င်းနောက် ညောင်ရွှေမြို့ အခြေခံပညာမူလတန်းကျောင်းနှင့် သမိုင်းဝင် ပေါရိသတ် ဓါတ်တော်မွေတော်စေတီတော်မြတ်ကြီးကားလမ်းဘေးရှိ အုတ်ဖို - နဒီကန်ဆက်သွယ်ရေနုတ်မြောင်းအား မြေထိန်းနံရံ တည်ဆောက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ညောင်ရွှေမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ညောင်ရွှေမြို့နယ်၊ တိလောစခန်းကြီးကျေးရွာအုပ်စုရှိ ကန်ဒေါင့်ကန်အဝင် ရေလမ်းသဲနုန်းတူးဖော်ခြင်းကို ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဦးစီးမှူးဦးထွန်းထွန်းဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေကန်မှ ရေအဝင်အထွက်များအား လှည့်လည်ကြည့်ရှု ဆေးစစ်ခဲ့ကြသည်။
အဆိုပါကန်ဒေါင့်သည် ကန်ရေပြင်ဧရိယာ (၈၃) ဧက၊ ရေထုတ်ပေါက် (၃) ပေါက်နှင့် ရေပိုလွှဲအကျယ် (၁၀) ပေ ကန်အနက် (၇) ပေရှိပြီး ၎င်းကန်မှ နန်းသီတာ ရေလိုအပ်ပါက ပေးပို့၍ ညောင်ရွှေမြို့ရေရှားပါးမှုကိုလည်း ဖြေလျှော့ပေးကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)