နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေး ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်း သာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ပလတ်စတစ်ကင်းစင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေး၊ ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ပလတ်စတစ်ကင်းစင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေးအတွက် နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်နှင့်အညီ နေပြည်တော်နှင့် မြို့ရွာများအားလုံး စံပြဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးလုပ်ငန်းများဖြစ်သည့် သစ်ပင်များ အလင်းဖွင့်ခြင်း၊ ခုတ်ထွင်ပြီးသစ်ကိုင်း သစ်ခက်များ ဖယ်ရှားရှင်းလင်းခြင်း၊ မြက်၊ ချုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်း၊ ခြံစည်းရိုးများပြုပြင်ခြင်း၊ ခြံစည်းရိုးအဟောင်းအပျက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ခြံစည်းရိုးများတွင် တက်ရောက်နေသည့် ချုံနွယ်များရှင်းလင်းခြင်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် အလွယ်တကူ မပျက်စီးမဆွေးမြေ့လွယ်ဘဲ ရေထုနှင့် မြေထုဂေဟစနစ်များကို များစွာဆိုးကျိုးသက်ရောက်စေနိုင်ပါကြောင်း၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်း သုံးစွဲမှုများကို လျှော့ချရန်လိုအပ်ပါကြောင်း၊ ဇမ္ဗူသီရိမြို့နယ်သည် နေပြည်တော်()မြို့နယ်တွင် အချက်အခြာကျသည့်အတွက် ပလတ်စတစ်ကင်းစင်ရေးနယ်မြေ စံနမူနာပြမြို့နယ်တစ်ခုအဖြစ် ရွေးချယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း တစ်ခါသုံးပလတ်စတစ်ပစ္စည်းသုံးစွဲမှု လျော့ကျရေး၊ တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းကင်းစင်ရေးနှင့် ပတ်သက်ပြီး အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တစ်ခါသုံးပလတ်စတစ် စွန့်ပစ်ပစ္စည်းများအား ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်သည့် (Recycle)လုပ်ငန်းများ ပိုမိုတွင်ကျယ်အားကောင်း လာစေခြင်းဖြင့် တစ်ခါသုံးပလတ်စတစ် စွန့်ပစ်ပစ္စည်းကင်းစင်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် တစ်ခါသုံးပလတ်စတစ် ထုပ်ပိုးပစ္စည်းများအစား သဘာဝအလျောက် ဆွေးမြေ့လွယ်ပြီး ပြန်လည်ပြုပြင်သုံးစွဲနိုင်သည့် ထုပ်ပိုးပစ္စည်းများဖြင့် အစားထိုးအသုံးပြုနိုင်ရေး အားပေးမြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တစ်ခါသုံးပလတ် စတစ်ပစ္စည်းများ နေပြည်‌တော်အတွင်း ကင်းစင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ်တစ်ခုတည်းသာမက ကျန်မြို့နယ်များအားလုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊  ရေမြောင်းများ ပိတ်ဆို့မှုမရှိစေဘဲ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ မြေညှိခြင်းနှင့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သည့် ဝန်ထမ်းများအား အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်စေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေး ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပလတ်စတစ်ကင်းစင်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)