နေပြည်တော် ဩဂုတ် ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန်သို့ သွားရောက်၍ ကန်၏အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်းတန်း ရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါဆင်အုံရေလှောင်ကန်သည် ယမန်နေ့ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကန်၏အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်းတန်း ရေကျော်မှု ဖြစ်ပွားခဲ့ပြီး ရေကျော်နေမှုအား နေပြည်တော် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နေပြည်တော် MSME အသင်းမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၅၆၀) ကျော်နှင့် စက်ယန္တရား နှစ်စီးတို့ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့တို့မှ ကြည့်ရှုအားပေးပြီး ဆင်အုံရေလှောင်ကန် ရေပိုလွှဲမှရေများ ထုတ်လွှတ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆင်အုံရေလှောင်ကန် သဘာဝကုန်းတန်းရေကျော်နေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး ဆောင်ရွက်ခဲ့မှုကြောင့် ယနေ့ နံနက် ၈ နာရီခွဲခန့်အချိန်တွင် ရေကျော်မှုအား ထိန်းနိုင်ခဲ့ပြီး ပြုပြင်ဆောင်ရွက်နေသူများအတွက် စေတနာရှင်၊ အလှူရှင်များက အဟာရဖြစ်စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်ဗူးများ ပေးအပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အဆိုပါဘုန်းတော်ကြီးကျောင်း၌ လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလျက်ရှိရာ ကမ်းပါးအနီးရှိ လူနေအိမ်နှစ်လုံး ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ပလွေးချောင်းရေတိုက်စားခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား အားပေးစကားပြောကြားပြီး ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်နှစ်လုံးအတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် နှစ်သိန်း၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပစ္စည်းပုံး နှစ်ပုံးကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ (၃၁) ကြိမ်မြောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို သွားရောက်၍ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် One Stop Service ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအထူးကုဘာသာရပ်များဖြစ်သည့် ဆေးပညာ၊ ခွဲစိတ်၊ အရိုး၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့်စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။
ယနေ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အထွေထွေရောဂါလူနာ ၃၆ ဦး၊ ခွဲစိတ်ရောဂါလူနာ လေးဦး၊ အရိုးရောဂါလူနာ ကိုးဦး၊ သွားရောဂါလူနာ ၁၂ ဦးနှင့် မျက်စိရောဂါလူနာ ၂၀ ဦး၊ စုစုပေါင်း လူနာ ၈၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး Pfizer ၄၆ ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)