ဟိုပုံး ဩဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးစီမံကိန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုသည့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ကြားပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာဒီပလိုမာအဆင့်သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ၊ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် ဓါတ်ခွဲစမ်းသပ်ပေးခြင်း စသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာသင်တန်းများဖြစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ သာမန် လျာထားသင်တန်းများအပြင် လုပ်ငန်းရှင်များဖြစ်သည်အထိ မွေးထုတ်ပေးမည့် အသေးစားကုန်ထုတ်လုပ်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း (၇)မျိုးအနက် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းစီမံကိန်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခုစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ပေးရေးစီမံကိန်းနှင့် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးစီမံကိန်း စသော စီမံကိန်းအမျိုးအစား (၄)မျိုးကို ကျေးရွာ (၁)ရွာလျှင် စီမံကိန်း (၁)ခုစီဖြင့် ကျေးရွာ (၆)ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်နှင့်ကိုက်ညီမှုရှိပြီး ဒေသခံပြည်သူများတောင်းဆိုသော နည်းပညာပေးသင်တန်းတွေကို အခြေခံသင်တန်း (၁)ကြိမ်၊ မွမ်းမံသင်တန်း (၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးလျှင် သင်တန်းမှ ထူးချွန်သင်တန်းသား (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့လိုအပ်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်း (၁)ခုလျှင် လုပ်ငန်းရှင် (၅)ဦးနှုန်းဖြင့် စီမံကိန်းလုပ်ငန်း (၆)ခုမှာ လုပ်ငန်းရှင် (၅)ဦးနှုန်းနှင့် စီမံကိန်းလုပ်ငန်း (၆)ခုမှာ လုပ်ငန်းရှင် (၃၀)ဦး ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ မိမိတို့ ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ပေါ်ထွက်လာပြီး ထိုလုပ်ငန်းများမှသည် အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်၊ သို့မှသာ တိုင်းပြည်ဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် သင်တန်းသုံးပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် သင်တန်းလုပ်ငန်းခွင်အား ကြည့်ရှုခဲ့သည်။ အဆိုပါ သင်တန်းကို ဩဂုတ်(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)