ဒဂုံတောင် ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၃) ရပ်ကွက်၊ စက်မှုဇုန် (၁) ရှိ စက်မှုဇုန်လမ်းနှင့် ပုသိမ်လမ်းထောင့် Sky Holding Co;Ltd အလှကုန်ပစ္စည်းသိုလှောင်ရုံ၌ ယမန်နေ့နံနက် ၉ နာရီ ၄၂ မိနစ်အချိန်က ထပ်ခိုးပေါ်တွင် သွယ်တန်းထားသော လုံခြုံရေးမီးထွန်းသည့်မီးလုံးမှ အပူလွန်ကဲပြုတ်ကျကာ အောက်တွင်ရှိသော တစ်သျှူးပလတ်စတစ်ပါကင်ထုပ် ကတ်ထူစက္ကူပုံးများပေါ်သို့ကျရာမှ မီးကူးစက်လောင်ကျွမ်းပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုကြီးကြီးကြပ်မှုဖြင့် မီးငြှိမ်းသတ်ယာဉ် (၁၁)စီး၊ ရေသယ်ယာဉ် (၈)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ ကွပ်ကဲမှုယာဉ် (၁)စီး၊ စုစုပေါင်း (၂၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၀၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄၁)ဦး စုစုပေါင်းအင်အား (၁၅၀)ဦးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၀)နာရီ (၂၉)မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ပိုင်ရှင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နေမျိုးအောင်
ဒဂုံတောင် (ပြန်/ဆက်)