ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်ကြီးမြို့နယ်ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ကွင်းဆင်းထောက်ပံ့ပေးအပ်

တိုက်ကြီး ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်နေသည့် ကျေးရွာများရှိပြည်သူများအား ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီခွဲက အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြည်သူများလက်ဝယ်‌အ‌ရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာများအတွင်းရေဝင်ရောက်ပြီး ရေနစ်မြုပ်သည့် မင်းလှဝကျေးရွာအုပ်စု ကွမ်းခြံကုန်း( သစ် )ကျေးရွာ သာသနဟိတကာရီဘုန်းတော်ကြီးကျောင်း၌ ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ရေသန့်၊ ကြက်ဉနှင့်ခေါက်ဆွဲခြောက်များအား ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ရေနစ်မြုပ်သော ဇကာစုကျေးရွာနှင့် တမံကျိုးကျေးရွာများရှိ ‌ပြည်သူများအား ကွင်းဆင်းကြည့်ရှုပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် လှိုင်မြစ်ရေမြင့်တက်ခြင်းကြောင့် ချောင်းသုံးခွကျေးရွာအုပ်စု၊ လက်ပြန်ဒိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ခြင်းကို ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက အဖျောက်မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အ‌ဖျောက်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက နေအိမ်များအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်‌ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်( ပြန်/ဆက်)