ဗိုလ်တထောင် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်သူက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်(၃၃)ယာဥ်ထိန်းရဲတပ်ဖွဲ့စု(ဗိုလ်တထောင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွန့်ဦးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထောက်အကူပြုအဖွဲ့(MORS) အတွင်းရေးမှူး(၂)ဦးမင်းဇော်ဖေတို့မှ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သိရှိလိုက်နာရမည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ လမ်းညွှန်လမ်းအမှတ်အသား၊ အချက်ပြများ၊ ဆောင်ရန်၊ ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်(၂၂၀)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်သူနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေလှိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား(၂၀၀)ဦး၊ စုစုပေါင်း(၂၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ ဆက်)