ပုဗ္ဗသီရိ ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ (၃၁)ကြိမ်မြောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းနှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး /ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက အထူးကုဘာသာရပ်(၆)ခုအလိုက် အထူးကုဆရာဝန်ကြီးများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး One Stop Service ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်းပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့်စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ကာ ဆေးရုံအတွင်း မျက်စိရောဂါ၊ သွားရောဂါကုသဆောင်များတွင် ခွဲစိတ်ကုသမှုခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်းများတွင် ခွဲစိတ်ကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အထွေထွေရောဂါလူနာ(၃၆)ဦး၊ ခွဲစိတ်ရောဂါလူနာ(၄)ဦး၊ အရိုးရောဂါလူနာ(၉)ဦး၊ သွားရောဂါလူနာ(၁၂)ဦးနှင့် မျက်စိရောဂါလူနာ (၂၀)ဦး၊ စုစုပေါင်း(၈၁)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)