ညောင်ဦး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးခဲ့သည့် နွေစပါး ၂၈၈ ဧကအနက် အောက်ညဉ့်အုပ်စု၊ ကွင်းအမှတ် (၁၃၄၄) ဦးပိုင်၊ ၁၉၃/၁ တောင်သူ ဦးလှဌေး၏လယ်ယာမြေရှိ နွေစပါး (R.S–C.S) မျိုးစေ့ထုတ်စံပြကွက်စိုက်ခင်းတွင် အထွက်နှုန်းကိုယ်စားပြုစံကွက် (၀.၀၀၁) စံကွက်(၃)ကွက်ကို ယမန်နေ့နံနက် ၈ နာရီခွဲက ရိတ်သိမ်းခဲ့သည်။
အဆိုပါ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲတွင် ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီက မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်းသည် အထွက်နှုန်းတိုးတက်စေကြောင်း၊ သက်တမ်းတိုး အထွက်နှုန်းကောင်းမျိုး စိုက်ပျိုးခြင်းဖြင့် သဘာဝဘေးနှင့်ကြုံတွေ့ရသော်လည်း အချိန်မီ ရိတ်သိမ်းဆောင်ရွက်နိုင်ခြင်း၊ သီးစားသီးနှံပုံစံ စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်စေနိုင်ပြီး သီးနှံအလှည့်ကျစိုက်ပျိုးနိုင်ခြင်း၊ စံကွက်ရိတ်သိမ်းခြင်းဖြင့် တစ်ဧကအထွက်နှုန်းခန့်မှန်းနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိကြောင်း၊ ၎င်းအပြင် တောင်သူများအနေဖြင့် အလေအလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလည်း လိုက်နာရန်၊ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးများကို စိုက်ပျိုးကြရန်၊ သွင်းအားစုမြေဩဇာများကို စနစ်တကျနှင့် အချိုးကျထည့်သွင်းရန်၊ လိုအပ်သည့် အာဟာရဓာတ်များကိုလည်း ဖြည့်စွက်ထည့်သွင်းရန်၊ စိုက်ချိန်နှင့်အထွက်နှုန်းများကို မှတ်တမ်းထားပြီး စနစ်တကျလုပ်ကိုင်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများ၏ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ နွေစပါးစံပြကွက်ရိတ်သိမ်းခြင်းကို ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲမှုစီမံဦးစီးဌာနမှ မြစ်ရေတင်တာဝန်ခံနှင့်ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်ဧကအထွက်နှုန်း အစို ပျှမ်းမျှ (၁၄၉.၆၉) တင်း၊ အခြောက် (၁၃၄.၆၉) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ဒီပါလင်း