၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း

ကျောက်ပန်းတောင်း ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းဆွေးနွေးပွဲကို၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း  သိရသည်။

အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကိစ္စများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းဟောပြောရာတွင် “လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေသည့် အခြေခံကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်းကောက်ရမည့်သူများနှင့် သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ကောက်ယူရေးအဖွဲ့များ၏ မေးမြန်းမှုများကို မှန်ကန်ပြည့်စုံစွာ ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီကြရန်၊ ထိုသို့ မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေဆိုကြမှသာလျှင် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို နိုင်ငံတော်မှ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားပြီး၊ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ယင်းနောက် ဝန်ထမ်းများက သန်းခေါင်စာရင်း အသိပညာပေးလက်ကမ်းစာစောင် (၁၇၀)ကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၂၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)