ရန်ကုန် ဇူလိုင် ၃၁
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်ပြုလုပ်ခဲ့သော မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီအချိန်တွင် သန်လျင်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အစီအစဥ်အရ အခမ်းအနားအား ဘုရားကန်တော့ဖွင့်လှစ်ပြီး ဓမ္မာရုံကျောင်း ပဓာနနာယကဆရာတော်ဘဒ္ဒန္တဇဝနက အနုမောဓနာဂါထာဖြင့် ရွတ်ဖတ်ပြီး စက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော်ဘဒ္ဒန္တတေဇထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ဝမ်းမြောက်စကားလျှောက်ထားပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဝိသုဒ္ဓရာမဗုဒ္ဓတက္ကသိုလ် ပဓာနနာယကဆရာတော်ဘဒ္ဒန္တကုမာရထံမှ အနုမောဓနာ ရေစက်ချတရားနာယူကြသည်။ ထို့နောက် မဟာမဇ္ဇျိမာရုံကျောင်းတိုက်မှ စာချဆရာတော်ဘဒ္ဒန္တသံဝရက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး ရတနာသိဒ္ဓိကျောင်း ပဓာနနာယကဆရာတော်ဘဒ္ဒန္တသုမနက အောင်ဂါထာရွတ်ဖတ်ပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်ဆက်)