လယ်ဝေး ဇူလိုင် ၃၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း၊ အမှတ်စဥ်(၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အဖွင့်မှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေဖို့ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အရည်အသွေးရှိသော ကာယပညာဆရာဆရာမများ ပေါ်ထွက်လာပြီး ကျောင်းသားအားကစားလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်ကာ အရည်အသွေးရှိသော ကျောင်းသားအားကစားသမားများ ပေါ်ထွန်းလာစေရန်ဖြစ်ပါကြောင်း၊ လက်ရှိဖော်ဆောင်နေတဲ့ KG+12 ကာယပညာသင်ရိုးကို ပေါက်မြောက်အောင် အကောင်အထည်ဖော်ရမှာဖြစ်လို့ အလေးထားကြိုးစားကြစေလိုကြောင်း၊ ယခုသင်တန်းသည် အားကစားနည်းအလိုက် အမှန်တကယ် တတ်ကျွမ်းသည့်သူများကို ရွေးချယ်စေလွှတ်တယ်လို့သိရကြောင်း ဒါကြောင့် အားကစားနည်းအလိုက် သင်ကြားပို့ချပေးတဲ့စာတွေ့လက်တွေ့ သင်ခန်းစာများကို သေချာဂရုစိုက်ပြီး လေ့လာမှတ်သားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အဆိုပါသင်တန်း အားပေးစကားပြောကြားသည်။ သင်တန်းတွင် အားကစားနည်း ၇ မျိုးအား နည်းပြဆရာ၊ ဆရာမ ၈၀ ဦးမှသင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၄၀၀ ဦးတက်ရောက်ကာ သင်တန်းကာလမှာ ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၁၂ ရက်ထိဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)