တာချီလိတ်မြို့ အောင်မြေစကြာ ဓမ္မာရုံတော်ကြီးတွင် သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တာချီလိတ် ဇူလိုင် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံရပ်ကွက်ရှိ အောင်မြေစကြာဓမ္မာရုံတော်ကြီးတွင် သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တဣန္ဒဓမ္မ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်သော အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။ ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းနှင့်ဇနီး ဒေါ်သန့်ကြည်ဖြူစိုး၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဝေဠုဝန်ကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တနန္ဒိမာဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အောင်မြေစကြာဓမ္မာရုံတော်ကြီးတွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ ၅ ရက်တိုင် ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)