မိုင်းဖြတ် ဇူလိုင် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်း စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ နမ့်ယွန်းကျေးရွာတွင် အသစ်တည်ဆောက်မည့် ကျေးရွာစာကြည့်တိုက်၊ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် ပါလောင်းကျေးရွာရှိ ရှင်သန်ခြင်းစာကြည့်တိုက်အခြေအနေများနှင့်စပ်လျဥ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊ စာစောင် ပေးအပ်လှူဒါန်းပွဲမှ ဖြန့်ဝေလက်ခံရရှိသည့် သုတ၊ ရသ (၁၈၀)အုပ်ကို စံညီ စာကြည့်တိုက် (၉)တိုက်သို့ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်တို့ ပေးအပ်လှူဒါန်းခဲရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)