မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ MSME အသင်း၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက Green City၊ Clean City ၊ Smart City ဖြစ်စေရေးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ ထုတ်ကုန်များ တိုးမြှင့်အောင်ဆောင်ရွက်ရန်၊ ရေရှည်တည်တံ့သော MSME လုပ်ငန်းများဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် MSME လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအား လိုက်နာကြရန်နှင့် အခက်အခဲများ၊ တခြားလိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME အသင်း၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)