ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာ စာကြည့်တိုက် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနား ကျင်းပ

ညောင်ဦး ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် တည်ဆောက်မည့် ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာ စာကြည့်တိုက်တည်ဆောက်မည့် မြေနေရာ ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန် က နတ်ပလင်ကျေးရွာပိုင်မြေနေရာတွင် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ညောင်ဦးမြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်မြင့်အောင်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ နတ်ပလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းတို့က စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား ပန္နက်ရိုက်၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် ဝန်ထမ်းများက နတ်ပလင်ကျေးရွာနှင့် သူကောင်းတည်ကျေးရွာတွင် ဆောက်လုပ်မည့် စာကြည့်တို့အားကွင်းဆင်း ကြည့်ရှုပြီး စာကြည့်တိုက်ဆောက်လုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အဆောက်အဦ ဆောက်လုပ်ရာတွင် အရည်အသွေးပြည့်မီရေး၊ စံချိန်ကိုက်အတိုင်းအတာ မှန်ကန်စွာ ဆောင်ရွက်ရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း