အမရပူရ ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ ရှင်စောပုဘုရားဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြည်သူများလေ့လာနိုင်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေသော လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများနှင့်အလုပ်ရုံများပါမကျန် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးစီးအရာရှိဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)