ကျောက်ဆည်မြို့တွင် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည်  ဇူလို   ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီက သီရီသာသနာ့ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်မြို့နယ် ဩဝါဒါစရိယ ရွာပုလဲ ဆရာတော် ဘဒ္ဒန္တသုန္ဒရ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သမ္မောဒနိယ ဩဝါဒကထာနာယူကြည်ညိုကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာသာမိ မဟာ ဂန္ဓဝါစကကဏ္ဍိတ ရွှေစေတီကျောင်းတိုက်မှ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း မိန့်ကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များက ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား  ဝတ္ထု၊ သင်္ကန်းခြင်းများနှင့် စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်ခဲ့ကြပြီး  မြို့နယ်ဩဝါဒါစရိယ ရွာပုလဲ ဆရာတော် ဘဒ္ဒန္တသုန္ဒရ ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာ တရားနာယူကြည်ညိုခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ သိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲတွင် နဝမအဆင့်အောင်(၁)ပါး၊ အဋ္ဌမအဆင့်အောင် (၂)ပါး၊ သတ္တမအဆင့်အောင်(၂)ပါး၊ ဆဌအဆင့်အောင်(၃)ပါး၊ ပဉ္စမဆင့်အောင်(၃)၊ စတုတ္ထအဆင့်အောင်(၂)ပါး၊ တတိယအဆင့်အောင်(၃)ပါး၊ ဒုတိယအဆင့်အောင်(၃)ပါး၊ ပထမအဆင့်အောင်(၃)ပါး၊ မူလအဆင့်အောင်(၃)ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)