စစ်တွေ ဇူလိုင် ၃၁
ကျန်းမာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်း၊ နယ်မြေခံတပ်နယ်မှ တပ်မတော် ဆေးအရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးရာသီဖြစ်၍ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် အခြားကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ရပ်ကွက်များရှိ ရေမြောင်းများအား ဆေးဖျန်းခြင်းများ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းအား ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်အထောက်အပံ့များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းလှိုင်က အသိပညာပေးရေး၊ ကြိုတင်ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က စစ်တွေမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများနှင့် ဆေးဝါးကုသရေးလုပ်ငန်း များ ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူစုလူဝေးများသော နေရာများတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)