မိုင်းယု ဇူလိုင် ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို မိုးဦးကျပြီးနောက် စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ မိုးအစေ့ထုတ်ပြောင်းများ စိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့ရှိ ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး)ကျသည်နှင့် စတင်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးကြသည့်မျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများဖြစ်ပြီး ၎င်းမျိုးများမှာ အထွက်နှုန်းပိုကောင်း၍ တောင်သူများ ကြိုက်နှစ်သက်သည့် ပြောင်းမျိုးစေ့များဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာ စိုက်ပျိုးလျက်ရှိပြီး မိုးရာသီကိုသာ အဓိက အများဆုံး အားထားစိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
မိုင်းယုမြို့၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီအစေ့ထုတ်ပြောင်း အခြောက်တစ်ကီလိုလျှင် ငွေကျပ် ၆၂၄ကျပ် (တရုတ်ယွမ် ၁ ယွမ် ၃ ကျော့) ထိရရှိပြီး ကီလို ၅၀ပါ တစ်အိတ်လျှင် ၃၆၉၀၀ (တရုတ်ယွမ် ၆၅ ယွမ်) ကျပ်ဖြစ်ပြီး ယင်းနှစ်၏ နောက်ဆုံးစိုက် ဆောင်းအစေ့ထုတ်ပြောင်း အခြောက်တစ်ကီလိုလျှင် ကျပ် ၈၆၄ ကျပ် (တရုတ်ယွမ် ၁ ယွမ် ၈ ကျော့)နှင့် ကီလို ၅၀ ပါတစ်အိတ်လျှင် ကျပ် ၄၃၂၀၀(တရုတ်ယွမ် ၉၀)ထိရရှိခဲ့ပါကြောင်း တောင်သူနှင့် ကုန်သည်များထံမှ သိရသည်။
မိုင်းယုဒေသရှိ တောင်သူများမှာ မိမိတို့ တောင်ယာခြံမြေများတွင် ရာသီအလိုက် စီးပွားဖြစ် ပြောင်း၊ ဖရုံ၊ ငရုတ်နှင့် ပဲတောင့်ရှည်များကို အဓိကအားထားစိုက်ပျိုးလျက်ရှိပြီး တစ်ပိုင်တစ်နိုင် အသီးအနှံများဖြစ်သည့် ကြက်သွန်၊ ပဲပုတ်၊ မြေပဲ၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ရွှေပဲရွက်၊ သခွားပင်နှင့် ခရမ်းချဉ်တို့ကို အနည်းငယ်စီစိုက်ပျိုးကာ ဒေသတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်