မိုင်းတုံ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မိုင်တုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ရန်ပုံငွေလွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စွာက စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြစိမ်းရောင်စီမံကိန်း အကောင်ထည်ဖော်မည့် ဆီငင်းကျေးရွာအား ရန်ပုံငွေကျပ်သိန်း(၂၀၀)အား လွှဲပြောင်းပေးအပ်ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်မှ လွှဲပြောင်းပေးအပ်ရာ ဆီငင်းကျေးရွာမှ တာဝန်ခံများမှလည်းကောင်း၊ ရေထွက်(၁၀)မိုင်ကျေးရွာအား ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လွှဲပြောင်းပေးအပ်ရေထွက်(၁၀)မိုင်ကျေး ရွာမှ တာဝန်ခံများမှလည်းကောင်း လက်ခံခြင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများဖြစ်သော နားကောင်းမူး ကျေးရွာအပိုင်း(၆)အား ကျပ်သိန်း(၁၅၀)၊ နားကောင်းမူး ကျေးရွာအပိုင်း(၂)အား ကျပ်သိန်း(၁၅၀)၊ ဟိုဟွေ့ကျေးရွာ(၉)မိုင်အား ကျပ်သိန်း(၁၅၀)၊ လွယ်မိုးကျေးရွာအား ကျပ်သိန်း(၁၅၀)၊ ပန်ပြတ်ကျေးရွာ(အထက်)အား ကျပ်သိန်း(၁၅၀)၊ ရွှေဗူးသီးကျေးရွာအား ကျပ်သိန်း(၁၅၀)တို့ကို သက်ဆိုင်ရာဌာနများမှ လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်သည့်ကျေးရွာများမှ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)