လွိုင်လင် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက လွိုင်လင်မြို့ အ.ထ.က(၁)တွင် ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါပွဲတော်သို့ လွိုင်လင်ခရိုင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ အ.ထ.က(၁)လွိုင်လင်မှ ဘင်ခရာအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်စိုး၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ထို့နောက် အခမ်းအနားကို ခန်းမအတွင်း ဆက်လက်ကျင်းပရာ အ.ထ.က(၁) ကျောင်းသား/သူလေးများက အလှပန်းများပွင့်ကြပြီ သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များ စီမံဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၃) ကျောင်းသား ကျောင်းသူလေးများက ထိန်းသိမ်းစို့လေစာပေအမွေ သီချင်းဖြင့်လည်းကောင်း အသီးသီး သီဆိုဖျော်ဖြေခဲ့ကြပြီး နံနက်ပိုင်း အစီအစဉ်ကိုခေတ္တရပ်နားပါသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်များက ဓာတ်ပုံပြခန်း၊ စာအုပ်ပြခန်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲနှင့် ရေခွက်စီပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွင်စွာ ပါဝင်ကစားနေသည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် အ.ထ.က(၁) ကျောင်းသား ကျောင်းသူလေးများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြင့်စိုးနှင့် မြို့နယ်ရဲမှူး စိုးလွင်ဦးတို့က မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ကြပြီး ပင်လုံတက္ကသိုလ်မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာယုယုထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် လွိုင်လင်မြို့ပေါ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၂) နှင့် အ.ထ.က(၃)တို့မှ ကျောင်းသား/သူလေးများက ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပပါသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား လွိုင်လင်တပ်နယ်မှူးကလည်းကောင်း၊ အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား၊ ခရိုင်ရဲတပ်ဖွဲ့မှူးကလည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ခရိုင်ပညာရေးမှူးတို့ကလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးအပ်ကြပါသည်။ ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် လွိုင်လင်မြို့ အ.ထ.က(၂) ကျောင်းသား/သူများက ပညာဘဏ်တိုက်စာကြည့်တိုက် သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းလိုက်ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် ကျင်းပသည့် စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ မတည်ပံ့ပိုးငွေကျပ် သိန်း(၂၀)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၅)သိန်းအပြင် လွိုင်လင်ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများမှလည်း လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)