ကျိုက်မရော ဇူလိုင် ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကလိုင်းကနိုင်ကျေးရွာ၊ အပေါ်ရွာ၌ မိုးသခွားသီး စီးပွားဖြစ် စိုက်ပျိုးသူတောင်သူများအနေဖြင့် မိုးကောင်း၍ အထွက်နှုန်းကောင်းသဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
သခွားသီးကို နယုန်လဆန်းပိုင်းကစတင်၍ မျိုးစေ့ချကာ ရက်ပေါင်း ၂၀ ခန့်ကြာလာလျှင် အညွန့်များထွက်လာပြီး တိုင်ထောင်ပေးရကြောင်း သခွားပင်များအပွင့်စပွင့်ချိန်၌ အသီးအားတိုးဆေးဖျန်းပေးရကြောင်း စိုက်ပြီးတစ်လကြာသောအခါ သခွားသီးအကင်းလေးများ စတင်ထွက်ရှိလာပြီး ရက်ပေါင်း ၄၅ ရက်ကြာပါက သခွားသီးများလှိုင်လှိုင်ထွက်ရှိကာ စျေးကွက်အတွင်း စတင်ရောင်းချနိုင်ပြီးဖြစ်ကြောင်း ကလိုင်းကနိုင်ကျေးရွာမှ သခွားသီးစီးပွားဖြစ် စနစ်တကျစိုက်ပျိုးသူ ဦးကရင်၏ပြောပြချက်အရ သိရသည်။
သခွားသီးထွက်ရှိချိန်၌ တစ်ရက်ခြားတစ်ကြိမ်ခူးရပြီး တစ်ကြိမ်ခူးလျှင် ပိသာချိန် ၈၀ မှ ၁၀၀ ခန့်ရရှိ၍ တစ်ပိသာကို ၂၀၀၀ ကျပ်ရရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
သခွားသီးကိုကြိုက်နှစ်သက်သူများပြီး တို့စရာအပြင် သခွားသီးသုပ်၊ သခွားသီးထောင်းစသည်တို့လုပ်၍ စားသုံးကြကြောင်းလည်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အများဆုံးစိုက်ပျိုးသည့်သခွားသီးမျိုးမှာ ယိုးဒယားမျိုး သခွားသီးအသေးမျိုးဖြစ်ပြီး စားလျှင်လည်းကြွပ်ကာချိုသဖြင့် စျေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်၍ စီးပွားဖြစ်စိုက်ပျိုးသူများလာကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)