နေပြည်တော် ဇူလိုင် ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၆၆၉)တွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆိုလာရေတင်စနစ်ဖြင့် အကျိုးပြုမည့် စိုက်ဧကများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆိုလာရေတင်စနစ်ဖြင့် တောင်သူများ စိုက်ပျိုးသီးနှံများစိုက်ပျိုးရာတွင် အကျိုးရှိစွာအသုံးပြုရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းများထွက်ရှိရေး၊ ရေကို တောင်သူများအချင်းချင်း စနစ်တကျ မျှတစွာ ခွဲဝေသုံးစွဲရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၆၃၆)တွင် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမြေဆွေးပြုလုပ်ခြင်း သရုပ်ပြပွဲသို့ သွားရောက်ပြီး ကောက်ရိုးမြေဆွေးပြုလုပ်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကောက်ရိုးများကိုမီးမရှို့ဘဲ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဆွေးမြေ့သွားပြီး ကောက်ရိုးမြေဆွေး သဘာဝမြေဩဇာအဖြစ် ပြုလုပ်ပုံအဆင့်ဆင့်နှင့် အသုံးပြုပုံများ၊ သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပျိုးဗန်းများဖြင့် စပါးမျိုးများကို ပျိုးထောင်မှုစနစ်များ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးနေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် စနစ်တကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုသရုပ်ပြသသည့် ကောက်ရိုးမြေဆွေးသဘာဝမြေဩဇာအဖြစ် ပြုလုပ်မှုကို လေ့လာပြီး တစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာများပြုလုပ်ကာ လက်တွေ့ကျကျ အကျိုးရှိစွာသုံးစွဲစေလိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများအား စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)